တစ်ရက်မှာ သီချင်းတွေကို အေအိုင်နဲ့လုပ်လို့ရတယ်ဆိုတဲ့အသိကလေး ကျနော့်ဆီကို.jpeg)
ရောက်လာခဲ့တယ်။ ၂၀၂၅ မေလနှောင်းပိုင်းလောက်ဖြစ်မယ်ထင်တယ်။
တချို့တွေကတော့ လုပ်နေတာ ကြာနေလောက်ပါပြီ။
ပထမဆုံး အင်္ဂလိပ်သီချင်းတစ်ပုဒ်စမ်းကြည့်တော့ ထင်မထားလောက်အောင်ပဲ ကြွေလောက်တဲ့ သီချင်းတစ်ပုဒ်ကို အေအိုင်က ထုတ်ပေးပါတယ်။
အဲဒီကစလို့ ဒီကိစ္စမှာ ကျနော်ဟာ တော်တော်လေးငြိသွားခဲ့တော့တာ။
သီချင်းတစ်ပုဒ်လောက် ကိုယ်ပိုင်ဖန်တီးဖို့ ငယ်ကတည်းက စိတ်ကူးရှိပေမဲ့ ဂီတနားမျက်စိက ထူးထူးချွန်ချွန်အားနည်းတော့ ရှိတဲ့စိတ်ကို လျှော့ထားလိုက်တယ်။
သီချင်းလုပ်ပေးတဲ့အေအိုင်ကပြောတာက မင်းမှာဘာမှရှိစရာမလိုဘူး၊ စိတ်ကူးပဲယူလာခဲ့၊ ငါလုပ်ပေးမယ်လို့ဆိုတယ်။
ဒီလိုနဲ့ပဲ စိတ်ထဲပေါ်တာတွေ လျှောက်လုပ်နေလိုက်တယ်။
လုပ်ပြီးပြန်တော့လည်း သူ့ချည်းမပြီးပြန်ပါဘူး။
အဖော်ရှာရပြန်ပါသေးတယ်။
ပန်းချီဆရာတွေ ပြပွဲလုပ်သလိုမျိုး ကိုယ်လည်း ကိုယ်လုပ်ထားတဲ့သီချင်းတွေကို လူတွေထဲကို ပို့ချင်ပြန်သေးတာ။
သီးသီးသန့်သန့်ဖြစ်အောင်ဆိုပြီး ဖေ့ဘုတ်ပေ့ကလေး ကောက်ဖွင့်။
နာမည်ဘယ်လိုပေးမလဲလို့ အပြင်းအထန်စဉ်းစားကြည့် ဖန်တီးမှုဟာ လူသားတစ်ဝက်၊ အေအိုင်တစ်ဝက်မို့ Human Heart Ai Art(H2A2)ဆိုပြီး ရွေးလိုက်တယ်။
ပေ့မှာတင်ထားပေမဲ့ ဘယ်သူမှ လာကြည့်မယ့်သူမရှိ။
ဒါဟာ စိတ်ညစ်စရာတော့လည်း မဟုတ်ပါဘူး။
ကိုယ်လုပ်ချင်တာ လုပ်နေရရင် ပြီးတာပဲဆိုတဲ့စိတ်ပဲ ထားလိုက်တယ်။
နိစ္စဓူဝ နေရေးထိုင်ရေး၊ စားသောက်ရေးနဲ့ လူမှုဆက်ဆံရေးကိစ္စတွေထဲ ရုန်းကန်ရတာတွေ ရှိသေးတော့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်ဟာမျိုးတွေဘက်ကို စိတ်က ဦးလှည့်သွားပါတယ်။
တစ်ခုရှိတာက အေအိုင်နဲ့လုပ်ထားတဲ့သီချင်းဟာ အေအိုင်နဲ့လုပ်ထားမှန်း သိသာနေလောက်အောင်ပဲ လူ့အသံနဲ့ ကွဲပြားနေပါတယ်။
မြန်မာလိုဆိုတာမှာလည်း မပီမသနဲ့ တလွဲတွေလည်း ရှိပါတယ်။
ဒါကတော့ ကိုယ်တတ်နိုင်တဲ့ကိစ္စမဟုတ်တော့ သူလုပ်ပေးနိုင်တဲ့ဘောင်ထဲကနေပဲ ကိုယ်ကလည်း ပြန်ညှိယူရတာပါပဲ။
ဟာသဆန်တဲ့သီချင်းလေးတွေ လုပ်မိလာတဲ့အခါ အဲဒါတွေကို ပို့ဆောင်မယ့် လမ်းတစ်ခု လိုလာတယ်လို့ ထင်မိလာပြန်ပါတယ်။
ဒါကတော့ တစ်တော့ပါပဲ။
တစ်သက်နဲ့တစ်ကိုယ် တစ်တော့ကို သုံးဖို့စိတ်မကူးဖူးလို့ သူ့အကြောင်းလည်း ရေရေရာရာသိမနေခဲ့ဘူး။
လှုပ်ခါပြတဲ့၊ ရယ်ရတဲ့ ဗီဒီယိုအတိုတွေကျက်စားရာနယ်မြေလို့ပဲ သဘောထားခဲ့တာ။
ကိုယ့်သီချင်းထဲမှာလည်း ရယ်လို့ရနိုင်တာတွေ ပါနေတဲ့အခါကျတော့ တစ်တော့ပေါ်ကို တင်ကြည့်ဖို့လုပ်ပြန်တယ်။
အကောင့်ဖွင့်တော့ ကိုယ့်လည်း ဘယ်သူမှ မသိ၊ ကိုယ်ကလည်း ဘယ်သူ့ကိုမှ မသိ၊ ဟုတ်တော့ဟုတ်နေတာပါပဲ။
တစ်ပတ်လောက်နေတော့ ဖော်လိုဝါငါးယောက်လောက် ရလာတယ်။
အားတက်စရာတော့လည်း ကောင်းမနေဘူး။
ဒါနဲ့ပဲ ပစ်ထားလိုက်ပြန်တယ်။
နောက်ထပ်တစ်လလောက်အထိ အဲဒီအတိုင်းပဲ။
ကိုယ့်ဘာသာကိုယ်ပြန်ပြီး သဘောကျရတဲ့ဟာလေးတွေ ရလာတဲ့အခါကျတော့ ဆိုရှယ်မီဒီယာပေါ်မတင်ဘဲ မနေနိုင်ပြန်ဘူး။
တင်ဦးမှပါပဲလေဆိုပြီး တင်ပြန်တယ်။
ဒီတစ်ခါတော့ ကံကောင်းထောက်မစွာပဲ လူတွေ အုံနဲ့ကျင်းနဲ့ ရောက်လာကြတယ်။
ရက်ပိုင်းအတွင်းမှာပဲ တစ်တော့မှာ လူရာဝင်တဲ့ အကောင့်တစ်ကောင့်ဖြစ်လာခဲ့တယ်။
တချို့သီချင်းတွေဆိုရင် ကြည့်ရှုမှု သန်းနဲ့ချီပြီး ရလာတယ်။
တခြားသူတွေကလည်း ကူးယူပြီး ပြန်တင်ကြတော့ တချို့ဗီဒီယိုတွေဆိုရင် ၁၀ သန်းဝန်းကျင်အထိ ကြည့်တဲ့တွေ ရှိတယ်။
တစ်ခါ ယူကျုမှာလည်း ကြည့်ရှုမှုတွေ အတိုင်းအတာတစ်ခုအထိ ရှိလာတယ်။
ဒီတော့လည်း ဆက်လုပ်ဖြစ်ဖို့ တွန်းအားဖြစ်နေစေပါတယ်။
တကယ်တော့ အေအိုင်ဟာ ကျနော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ နေရာတော်တော်ယူနေခဲ့ပါပြီ။
လာမယ့်နှစ်တွေအတွင်း လူသားတွေရဲ့ အလုပ်အားလုံးနီးပါးကို အေအိုင်က အစားထိုးပြီး လက်လွှဲပြောင်းယူမယ်လို့လည်း ကြွေးကြော်သံတွေကို ကြားနေရပြန်ပါတယ်။
သီချင်းလုပ်တဲ့ကိစ္စမှာ မြင်သာတာကတော့ သီချင်းတစ်ပုဒ် ရေးသားတာကနေ ပရိသတ်တွေဆီကိုပို့လွှတ်နိုင်တဲ့အဆင့်အထိဆို ရက်များစွာ၊ တစ်ခါတလေ လနဲ့ချီပြီးကြာနိုင်ပါတယ်။
အေအိုင်ကတော့ မိနစ်ပိုင်းပဲကြာပါတယ်။
အပျော်အနေနဲ့ဆိုရင် တော်တော်လေးကို ထိရောက်မြန်ဆန်တယ်လို့ ဆိုရပါလိမ့်မယ်။
#အေအိုင် #သီချင်း

0 Comments